Tuesday, January 26, 2016

ဝါဒဖြန့်နည်း ခုနှစ်သွယ်

ဝါဒဖြန့်နည်း ခုနှစ်သွယ်

ထိရောက်သော ဝါဒဖြန့်နည်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ဘေးတီးပေးသောနည်း [Band Wagon]
လူတိုင်း လိုက်လုပ်နေကြပြီ ဟူသော အဓိပ္ပါယ်ပေါ်လွင်အောင် ဖော်ပေးခြင်းဖြစ်၏။ လူတစ်ဦးချင်း၏ စိတ်ထဲတွင် သူတကာတွေတောင် လုပ်နေကြပြီ၊ ငါလည်းလုပ်မှပဲဟူသော စိတ်မျိုးဖြစ်လာအောင် ဘေးတီးပေးခြင်းဖြစ်သည်။

(၂) ပြစ်တင်ရှုတ်ချ အပုပ်ချနည်း [Name Calling]
ရန်သူနိုင်ငံ၊ ရန်သူလူမျိုး၊ သို့မဟုတ် ပြိုင်ဘက်စီးပွားရေးလုပ်ငန်းအတွင်း မလိုလားအပ်သော အပြုအမူများအကြောင်း ဖွင့်ချ ကြေညာခြင်းဖြင့် တစ်ဖက်ရန်သူအပေါ် အများပြည်သူက အမုန်းကြီးမုန်း၊ အကြောက်ကြီးကြောက်ပြီး မယုံသင်္ကာဖြစ်လာစေရန် တစ်ဖက်သား၏ ပျော့ကွက်ကို ဖော်ထုတ်သောနည်းဖြစ်သည်။

(၃) ကိုယ့်ဂုဏ်ကို ဖော်နည်း [Glittering Generalities]
မိမိ၏ဝါဒ၊ သို့မဟုတ် မိမိ၏ ထုတ်ကုန်ပစ္စည်း မည်မျှကောင်းကြောင်းကို ပညာသားပါပါ ဖော်ထုတ်အမွှမ်းတင်ကာ အများပြည်သူ ယုံကြည်လာအောင် ဖန်တီးသောနည်းဖြစ်သည်။

(၄) တံဆိပ်အငှားသုံးနည်း [Transfer]
အများပြည်သူတို့ ကြည်ညိုလေးစားသော ပုဂ္ဂိုလ်၊ သို့မဟုတ် အဖွဲ့အစည်းကို ရှေ့တန်းတင် အသုံးချလျက် ထိုပုဂ္ဂိုလ် ထိုအဖွဲ့အစည်းကပင်လျှင် မိမိတို့အား ထောက်ခံအားပေးနေပြီဟု ကြော်ငြာသောနည်းဖြစ်သည်။

(၅) လူသာမန်များကို ချီးမြှောက်သောနည်း [Plain Folks]
သာမန်လူများကို ချီးမြှောက် ဂုဏ်ပြုခြင်းဖြင့် လူတိုင်းက မိမိတို့ကဲ့သို့သော သာမန်လူများ၊ အညတရ ပုဂ္ဂိုလ်များသည်လည်း ချီးမြှောက်ဂုဏ်ပြုခံရချေသည်တကားဟု ခံယူလာပြီး သာမန်လူအများစု၏ ယုံကြည်ကိုးစားမှုကို ရအောင်ယူသောနည်းဖြစ်သည်။

(၆) ရည်ညွှန်းလိုက်နာစေသောနည်း [Testimonial]
နိုင်ငံသိနိုင်ငံကျော် ပုဂ္ဂိုလ်တစ်ဦးက ဤသို့ဤနှယ် ပြုလုပ်ခဲ့သည်ဟု မီးမောင်းထိုးပြကာ ပြည်သူလူထုသည်လည်း ထိုနိုင်ငံကျော် ပုဂ္ဂိုလ်နည်းတူ လိုက်လုပ်လိုစိတ်ပေါ်ပေါက်လာအောင် ဆွယ်ယူသောနည်းဖြစ်သည်။

(၇) ပဉ္စလက်နည်း [Card Stacking]
အခြေအနေမှန်၊ အဖြစ်အပျက်မှန်၊ အချက်အလက်မှန်ကို သိရအောင် ကြိုးပမ်းသူများ ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားစေရန် သတင်းများကို အမှန်ထက်ဝက်၊ မမှန်ထက်ဝက်၊ ဖုံးထက်ဝက်၊ ဖော်ထက်ဝက် လုပ်ခြင်း၊ လက်ငင်းပြဿနာတစ်ခုအပေါ် အာရုံပြောင်းသွားစေရန် ပြဿနာအသစ်တစ်ခု ဖန်တီးပေးသောနည်းဖြစ်သည်။

[အများပြည်သူထင်မြင်ချက်၊ ဒုတိယအတွေး - မောင်ဝံသ၊ စာ-၃၂]

No comments:

Post a Comment